International News

ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ Lockdowns များကြောင့် ဥရောပ၏ ကားရောင်းချမှု ၅၅ ရာခိုင်နှုန်းကျဆင်း

Last Updated:

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ကူးစက်ပျံ့နှံ့နေမှုကို ထိန်းချုပ်နိုင်ရေး ဥရောပနိုင်ငံအများစုတွင် အသွားအလာကန့်သတ်မှု (lockdowns) များဆောင်ရွက်ခဲ့ရခြင်း ကြောင့် ပြီးခဲ့သည့်လအတွင်း ဥရောပ၏ မော်တော်ယာဉ်ရောင်းချမှုတွင် (၅၅) ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ ပြီးခဲ့သည့်လအတွင်း မှတ်ပုံတင်လုပ်ငန်း ဆောင်ရွက် သည့် ကားအသစ်များအရေအတွက် (၅၆၇၃၀၈) စီးရှိခဲ့သဖြင့်  ယခင်နှစ် အလားတူကာလအတွင်း ရောင်းချခဲ့သည့်အရေအတွက် (၁.၂) သန်းနှင့်နှိုင်းယှဉ်ပါက  ကျဆင်းခဲ့ခြင်းဖြစ်သည်ဟု ဥရောပမော်တော်ယာဉ်ထုတ်လုပ်သူများအသင်း European Automobile Manufacturers Association (ACEA) ကပြောကြားခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၀ ပြည့်နှစ်၊ မတ်လအတွင်း၌ အီးယူအဖွဲ့ဝင်နိုင်ငံများအားလုံး၏ ဈေးကွက်များတွင် ကျဆင်းခဲ့ခြင်းဖြစ်ပြီး၊ အီတလီနိုင်ငံတွင် အရောင်းကျဆင်းမှု အကြီးမား ဆုံးဖြစ်ပေါ်ခဲ့ကြောင်း၊ အီတလီတွင် မော်တော်ယာဉ်အသစ်များ မှတ်ပုံတင်သည့်စီးရေ (၂၈၃၂၆) ရှိခဲ့ပြီး (၈၅.၄) ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ပြင်သစ်နိုင်ငံ တွင်လည်း ရောင်းအားသိသိသာသာကျဆင်းခဲ့ပြီး (၇၂.၂) ရာခိုင်နှုန်း၊ စပိန်နိုင်ငံတွင်မော်တော်ယာဉ်ရောင်းအား ကျဆင်းမှု (၆၉.၃) ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ ဂျာမနီနိုင်ငံ တွင် (၃၇.၇) ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း အဆိုပါ အသင်းက ပြောကြားထားပါသည်။

၂၀၂၀ ပြည့်နှစ်၏ ပထမသုံးလတာကာလတွင် မော်တော်ယာဉ်ရောင်းချရမှု အရေအတွက် (၂.၄၈) သန်းရှိခဲ့ပြီး ရောင်းချရမှုတွင် (၂၅.၆) ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ မော်တော်ယာဉ် ထုတ်လုပ်သည့် လုပ်ငန်းများအားလုံးထိခိုက်မှုရှိခဲ့ပြီး၊ Fiat Chrysler မော်တော်ကားထုတ်လုပ်ရေး ကုမ္ပဏီအနေဖြင့် ယင်း၏ ပြည်တွင်း ဈေးကွက် ဖြစ်သည့် အီတလီနိုင်ငံဈေးကွက်အပေါ် အလွန်အမင်းမှီခိုရမှုကြောင့် (၇၆.၆) ရာခိုင်နှုန်းဖြင့် အဆိုးရွားဆုံးကျဆင်းမှုရှိခဲ့ကြောင်း၊ ဗောက်စ်ဝက်ဂွန် မော်တော်ကား ထုတ်လုပ်ရေးကုမ္ပဏီသည် ဥရောပတွင် ရောင်းအားအကောင်းဆုံးကုမ္ပဏီအဖြစ် ဆက်လက်ရပ်တည်နေဆဲဖြစ်ကြောင်းနှင့် ယခုနှစ်၏ ပထမသုံးလပတ်ကာလတွင် ရောင်းချရမှု စီးရေ (၆၆၀၀၀၀) ကျော်ဖြင့် ယင်း၏ ဈေးကွက်ဝေစုတွင် (၂၆.၆) ရာခိုင်နှုန်း တိုးတက်မှု ရှိခဲ့ကြောင်း သိရှိရ ပါသည်။

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဘယ်လ်ဂျီယံနိုင်ငံ)

ရင်းမြစ် - (http://today.rtl.lu/news)

Category: International News